“ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း US Department of the Treasury Office of the Technical Assistance - US OTA မှ Advisor ဖြစ်သူ Mrs. MARCIA MAURER နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ ”
“ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း US Department of the Treasury Office of the Technical Assistance - US OTA မှ Advisor ဖြစ်သူ Mrs. MARCIA MAURER နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ ”
၁။ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ လုပ်ငန်း စွမ်းဆောင်ရည် အား စောင့်ကြည့် ကြပ်မတ်သည့် လမ်းညွှန် လက်စွဲ စာအုပ် (SEEs Performance Monitoring Manual) ရေးဆွဲခြင်း လုပ်ငန်းများကို ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသော US Department of the Treasury Office of the Technical Assistance – US OTA မှ Advisor ဖြစ်သူ Mrs. Marcia Sue Maurer ကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဦးဆောင် ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာနှင့် ဌာနမှူးများ ပါဝင်နှင့် အဖွဲ့ဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) တွင် (၂၇.၁၁.၂၀၁၇) နေ့ မွန်းလွဲ (၂:၀၀) နာရီမှ ညနေ (၄:၀၀) နာရီထိ လက်ခံ တွေ့ဆုံခဲ့ပါသည်။
၂။ အစည်းအဝေးတွင် ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အထွေထွေ မန်နေဂျာတို့မှ ဌာန၏ သမိုင်းကြောင်း အကျဉ်း၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ဖွဲ့စည်းပုံနှင့် ဝန်ထမ်း အင်အား၊ ရေယာဉ် အင်အား၊ မြန်မာနိုင်ငံတွင် အသုံးပြုလျက် ရှိသော အဓိက မြစ်ကြောင်းများ အခြေအနေ၊ ရေယာဉ် တို့၏ သက်တမ်း၊ လက်ရှိပြေးဆွဲနေသော ခရီးလမ်းများ အခြေအနေနှင့် နှစ်အလိုက် လွန်ခဲ့သော (၁၀) နှစ်ခန့်မှ စတင်၍ ယနေ့ထိ လုပ်ငန်း စွမ်းဆောင်မှု၊ ရေယာဉ်များ ပြေးဆွဲနေမှု၊ သင်္ဘောကျင်းများ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ River Cruise ရေယာဉ်များ ပြေးဆွဲနေမှု တို့ကို ဆွေးနွေး ပြောကြား ခဲ့ပါသည်။
၃။ Mrs. Marcia Sue Maurer မှ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်အား ပိုမို တိုးတက်ရေးအတွက် စောင့်ကြည့် ကြပ်မတ်မှုတွင် အကြံပေး ဆောင်ရွက် နေပါကြောင်း၊ မြန်မာပြည်တွင် လုပ်ငန်း ဆောင်ရွက်မှု တစ်နှစ်ကျော်ခန့် ရှိပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း SEE များမှာ (၃၀) ခန့် ရှိပါကြောင်း၊ ထိုထဲမှ ယခု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်မှုကို သိရှိနိုင်ရန် လေ့လာ ဆွေးနွေး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အဓိကကျသော မြစ်ကြီးများ ဆွေးနွေးမှုတွင် မြစ်ကြီးများ တိမ်ကောမှု၌ မိမိ အနေဖြင့် Climate Change ကြောင့် ဖြစ်မည်ဟု ထင်ပါကြောင်း၊ ဦးဆောင် ညွှန်ကြားရေးမှူး၏ ဆွေး နွေးမှုတွင် Environment အား Man Made ကြောင့် ဖြစ်သည်ကို သိရှိပါကြောင်း၊ မြစ်ကြောင်းများ ဖွံ့ဖြိုးမှုတွင် သောင်တူးခြင်း လုပ်ငန်း (Dragging) သည် အရေးပါကြောင်း၊ ဌာန၏ သင်္ဘောကျင်းများ ရှင်းလင်း တင်ပြချက်တွင် ဌာနမှ သင်္ဘောကျင်းများအား upgrade မလုပ်နိုင်တဲ့ အတွက် ပြုပြင် ထိန်းသိမ်းစရိတ် ပိုများနေသည်ဟု ယူဆပါကြောင်း၊ မြစ်ကြောင်းများ တစ်လျှောက် ပုဂ္ဂလိကနှင့် အပြိုင် River Cruise ရေယာဉ်များ အပြိုင် ပြေးဆွဲနေသည်ကို သိရှိရပါကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ လုပ်ငန်း ဆောင်ရွက်မှု Performance ဆွေးနွေးမှု၌ လွန်ခဲ့သော နှစ်များစွာထက် ယခုထိ တဖြည်းဖြည်း လုပ်ငန်း ကျဆင်းသွားမှုကို သိရှိလိုပါ ကြောင်း ဆွေးနွေးခဲ့ပါသည်။
၄။ ဦးဆောင် ညွှန်ကြားရေးမှူးမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် ယခင်နှစ် (၂၀) ဝန်းကျင်နှင့် မတိုင်ခင် ကာလကပင် မြန်မာနိုင်ငံ၏ Public Transport တွင် အလွန် အရေးပါ သောကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့ပါကြောင်း ယခင်က မြစ်ကူး တံတားကြီးများနှင့် တစ်နေရာနှင့် တစ်နေရာ ဆက်သွယ်ထားသော ကားလမ်း မရှိသည့်အတွက် မြစ်ကြောင်းကိုသာ အဓိကထား သွားလာ နေရသောကြောင့် လည်းကောင်း၊ ပုဂ္ဂလိက ကဏ္ဍသည်လည်း ဖွံ့ဖြိုးမှု နည်းသောကြောင့် လည်းကောင်း၊ ခရီးသွားလာမှု၊ ကုန်စည် စီးဆင်း သယ်ဆောင်မှုတွင် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဌာနသည် မရှိမဖြစ် လိုအပ်သောဌာန ဖြစ်ပါကြောင်းနှင့် ထိုအချိန်က ဌာနရှိ ရေယာဉ်များသည် ခေတ်ကာလနှင့် လိုက်လျော ညီထွေမှုရှိသော သက်တမ်းနု ရေယာဉ်များ ဖြစ်သည့် အတွက်ကြောင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် အဆင်ပြေ ချောမွေ့လျက် ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။
၅။ ၎င်းနောက် ဆက်လက်၍ ဦးဆောင် ညွှန်ကြားရေးမှူးမှ ယခု ဒီဘက်ခေတ် ဆယ်စုနှစ်မှ စတင်၍ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍ မှေးမှိန်လာသည့် အကြောင်းအရင်းများကို အောက်ပါ အတိုင်း ဆွေးနွေးခဲ့ပါသည်-
(က) လွန်ခဲ့သည့် ၁၀ စုနှစ် နောက်ပိုင်းတွင် နိုင်ငံနှင့် အဝှမ်း ကာလတိုအတွင်း လမ်း၊ တံတားများ အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာပြီး အချိန်တိုအတွင်း သွားလာ နိုင်သော ကုန်းလမ်း ပို့ဆောင်ရေး စံနစ်များ ကောင်းမွန် လာပါကြောင်း၊ မြစ်ကူး တံတားကြီးများကို နေရာ အနှံ့အပြား များပြားစွာ တည်ဆောက်ခဲ့ခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်များသည် အချိန်တိုတို အတွင်း ရောက်ရှိနိုင်မည့် ကုန်းလမ်း ခရီးကိုသာ အသုံးပြု ဆောင်ရွက်ကြကြောင်း၊
(ခ) ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် ယခင်က လူကြိုက်များ ခဲ့သည့် ခရီးသည် နှင့်ကုန် တစ်ပါတည်း သယ်ဆောင် နိုင်သည့် Passenger cum cargo အမျိုး အစား ရေယာဉ်များမှာ ယခုအခါ၌ အသုံး မဝင်တော့ ပါကြောင်း၊ ပုဂ္ဂလိကမှ လူစီး အမြန်ရေယာဉ် အမျိုးအစားများနှင့် ကုန်များများ တင်ဆောင်နိုင်သော ကုန်တင် ရေယာဉ်များအား တည်ဆောက်၍ အပြိုင် ပြေးဆွဲနေကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရေယာဉ်များ အားလုံး နီးပါးမှာ ဈေးကွက် မဝင်သည့် ရေယာဉ်များသာ ဖြစ်ပါကြောင်း၊
(ဂ) ဌာနမှ စီးပွားရေး တွက်ခြေကိုက်သည့် လူစီး အမြန် ရေယာဉ်များ၊ ကုန်တင် ရေယာဉ် များ တည်ဆောက် ဖြည့်ဆည်း၍ ဆောင်ရွက်လျှင် အကျိုး ရှိနိုင်မည်ကို သိရှိသော်လည်း နိုင်ငံတော်က နှစ်စဉ် ဘဏ္ဍာငွေ ခွဲဝေ လျာထားရာတွင် ဘဏ္ဍာရေး အခြေ အနေကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအတွက် ဘဏ္ဍာငွေ လုံလောက်စွာ ခွဲဝေ ချထားပေးနိုင်ခြင်း မရှိသဖြင့် ရေယာဉ်များ တည်ဆောက် နိုင်ခြင်း မရှိပါကြောင်း၊
(ဃ) အစိုးရဌာနတစ်ခုဖြစ်သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ချက်ချင်း လက်ငင်း မဆောင်ရွက်နိုင်သည့် ကိစ္စများ (ဥပမာ။ ခေတ်စနစ်နှင့် လိုက်လျော ညီထွေသော ရေယာဉ် အသစ်များ တည်ဆောက်ခြင်း၊ ခရီးသည်ခ ကုန်တင်ခ စျေးနှုန်းများကို ဖြစ်ပေါ်နေသော စျေးကွက် စီးပွားရေးနှင့် အညီ ပြုပြင် ပြောင်းလဲနိုင်ခြင်း၊ ဝန်ဆောင်မှု ကောင်းခြင်း၊ စျေးကွက်ရှိသော လမ်းကြောင်းကို လိုသလို ပြောင်းလဲ ပြေးဆွဲနိုင်ခြင်း၊ ကုန်ခ အကြွေးစံနစ် ပေးခြင်း) ကို ပိုင်ရှင် တစ်ဦးတည်းက ချက်ချင်း ဆုံးဖြတ် ဆောင်ရွက်နိုင်သည့် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာသောကြောင့် ပုဂ္ဂလိက ကဏ္ဍများ အောင်မြင်လာကာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အနေဖြင့် ပုဂ္ဂလိကများနှင့် ယှဉ်ပြိုင် ဆောင်ရွက်ရန် အခက်အခဲများ ရှိလာပြီး လုပ်ငန်း ကျဆင်းလာသော အနေအထားသို့ ရောက်ရှိလာခြင်း ဖြစ်ပါကြောင်း၊
(င) Environment သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် မြစ်ကြောင်းများ တစ်စထက် တစ်စ တိမ်ကောလာခြင်း၊ နှစ်စဉ် မြစ်ချောင်းများ ရေကြီး ရေလျှံမှု ဖြစ်ပေါ် ခြင်း၊ မြစ်ကမ်းပါးပြိုမှုများ ဖြစ်ခြင်းတို့၏ အကျိုးသက်ရောက်မှုသည် မြစ်ကြောင်း လမ်းများတွင် ရေယာဉ်များ နေ့ ည အချိန်မရွေး သွားလာ၍ မရနိုင်သောကြောင့် အချိန်နှစ်ဆ ပိုကြာခြင်း၊ ကုန်ကျ စရိတ်လည်း နှစ်ဆ ပိုများခြင်းများ ရှိပါကြောင်း၊
(စ) ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် ရေယာဉ်များ ပြင်ဆင် မွမ်းမံရန် အတွက် လွန်းကျင်းများအား အဆင့်မြှင့်တင် နိုင်ခြင်းမရှိ၍ လွန်ခဲ့သည့် နှစ်ပေါင်း (၄၀) ကျော် ကတည်းက အသုံးပြုလာခဲ့သည့် လွန်းကျင်းသုံး ပစ္စည်းနှင့်သာ ဆက်လက် ဆောင်ရွက်နေရ ပါကြောင်း၊
(ဆ) ယခုလက်ရှိတွင် တိုင်းပြည်၏ စီးပွားရေး ဈေးကွက်နှင့် စပ်လျဉ်း၍ Export, Import နှင့် ဒေသအတွင်း ကုန်စည် စီးဆင်းမှုသည် နှစ်စဉ် တစ်နှစ်ပတ်လုံး ပုံမှန် စီးဆင်း မှုမရှိဘဲ တက်လိုက် ကျလိုက်နှင့် အချို့ ကုန်စည် များမှာ တခါတရံ လုံးဝ ရပ်ဆိုင်း သွားခြင်းမျိုးလည်း ရှိပါကြောင်း၊ ထို့ကြောင့် လုပ်ငန်း မျှော်မှန်းချက်များ ထားရှိရန်မှာ လွန်စွာ ခက်ခဲပြီး ၎င်း ဈေးကွက် အခြေ အနေကြောင့် မျှော်လင့်ထားသော်လည်း ဖြစ်မလာမှုများ ရှိပါကြောင်း၊
(ဇ) လွန်ခဲ့သော ဆယ်စုနှစ် တစ်စုအကျော် မတိုင်မီက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် အသုံးပြုရန် လိုအပ်သည့် စက်သုံးဆီများကို စျေးနှုန်း တစ်ဂါလန်လျှင် ကျပ် (၁၆၀/-) နှုန်း သတ်မှတ်၍ နိုင်ငံတော်က ရောင်းချ ပေးခဲ့သဖြင့် စက်သုံးဆီ စရိတ် ကုန်ကျမှု များစွာ သက်သာပါကြောင်း၊ ထိုချိန်က ပြင်ပ ပုဂ္ဂလိက ဈေးကွက် တွင် စက်သုံးဆီ တစ်ဂါလံလျှင် ကျပ် (၁၅၀၀/-) နှုန်း ရှိခဲ့ပါကြောင်း၊ ၄င်းအပြင် နိုင်ငံတော်၏ တရား၀င် ငွေလဲလှယ် နှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် (၆) ကျပ် နှုန်းဖြစ်ပြီး ပြင်ပ ပုဂ္ဂလိက ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ်(၈၀၀/-) မှ ကျပ် (၁၀၀၀/-) နှုန်းထိ ရှိခဲ့ပါကြောင်း၊ ဌာန ရေယာဉ်များအတွက် အသုံးပြုရန် လိုအပ် သည့် Spare Parts များကို ပြည်ပမှ ဝယ်ယူ တင်သွင်းရာတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် တရားဝင် ငွေ လဲလှယ်နှုန်းဖြင့်သာ ပေးချေရသဖြင့် ပုဂ္ဂလိက ထက်များစွာ စျေးနှုန်း သက်သာခြင်းကြောင့် ဌာနအနေဖြင့် အသုံးစရိတ် လျှော့နည်း သက်သာကာ အမြတ်ငွေများစွာ ရရှိသည့် စီးပွားရေး ကောင်းမွန်သော အဖွဲ့ အစည်းတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ သို့ရာတွင် လွန်ခဲ့သော ဆယ်စုနှစ်မှ စတင်၍ စက်သုံး ဆီစျေးနှုန်းနှင့် နိုင်ငံခြားငွေ ဒေါ်လာလဲလှယ်နှုန်းတို့မှာ နိုင်ငံတော် ယခင် သတ်မှတ် ထားသည့် နှုန်းထားအတိုင်း မရတော့ဘဲ အပြင် ပေါက်ဈေးနှုန်းဖြင့် ဆောင်ရွက်ရသောကြောင့် မထင်မှတ်ခဲ့သော အသုံးစရိတ် ကြီးမားလာခဲ့ကြောင်း။ ဌာနအနေဖြင့် စက်သုံးဆီ စျေးနှုန်း တိုးမြှင့်လာမှုနှင့် အညီ လိုက်လျော ညီထွေစွာ ခရီးသည်ခ၊ ကုန်တင်ခ နှုန်းထားများကို တိုးမြှင့် ကောက်ခံသင့်သော်လည်း အခြေခံ လူတန်းစားများ အသုံးပြုနေသည့် နိုင်ငံပိုင် Public ဖြင့်Transport ဖြစ် သ ပုဂ္ဂလိကကဲ့သို့ နိုင်ငံတော်က စျေးနှုန်း တိုးမြှင့် ကောက်ခံရန် မသင့်တော် သည့်အတွက် ဝင်ငွေနှင့် အသုံးစရိတ် မျှတမှု မရှိဘဲ အရှုံးပေါ်ကာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ လုပ်ငန်းများ ကျဆင်းလာခဲ့ ရပါကြောင်း၊
(ဈ) နောက်တစ်ခု အကြောင်းရင်းမှာ လွန်ခဲ့သော ဆယ်စုနှစ်မှ စတင်၍ နိုင်ငံတော်က ဝန်ထမ်းများ၏ လစာနှုန်းထားများနှင့် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင် လစာ နှုန်းထားများ တိုးမြှင့်ပေးခဲ့ခြင်း၊ စက်သုံးဆီ စျေးနှုန်းနှင့် ငွေလဲလှယ်နှုန်း ပြောင်းလဲခြင်း တို့ကြောင့် အခြား ကုန်စျေးနှုန်းများပါ တိုးမြှင့်လာပြီး အသုံးစရိတ်မှာ ယခင်ကထက် အဆများစွာ တက်လာခဲ့သည့်အပြင် ဝင်ငွေမှာ ပုံမှန်အတိုင်း မရရှိ သောကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ အခန်းကဏ္ဍ လျော့ကျလာ ခြင်း ဖြစ်ပါကြောင်းကို ဆွေးနွေးခဲ့ပါသည်။
၆။ Mrs. Marcia Sue Maurer မှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ကဏ္ဍ လုပ်ငန်းများ လျော့ကျသွားတဲ့အတွက်ကြောင့် နိုင်ငံတော်က ချမှတ်ပေးတဲ့ ဘဏ္ဍာငွေများလည်း တဖြည်း ဖြည်း လျော့ကျ သွားနေသည်ကို တွေ့ရှိရ ပါကြောင်းနှင့် ရေကြောင်း ရေလမ်း မကောင်း၍ ကုန်ကျ စရိတ်နှင့် အချိန်သည်လည်း နှစ်ဆကုန်နေ၍ ပြည်တွင်းရေကြောင်း၏ နောင် အနာဂတ်ကို ဘယ်လို စီစဉ်ထား ရှိသည်ကို သိရှိလိုပါကြောင်း၊ ယခင်က ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် နိုင်ငံတော် ဘတ်ဂျတ်အောက်မှ ထွက်ခဲ့ပြီး ယခု နိုင်ငံတော် ဘတ်ဂျတ်အောက်သို့ ပြန်လည်ဝင် ရောက်လာခြင်းကိုလည်း သိရှိ လိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။
၇။ ဦးဆောင် ညွှန်ကြားရေးမှူးမှ ပြန်လည် ရှင်းလင်း တင်ပြရာတွင် ယခင်လွန်ခဲ့သော (၄) နှစ် ၂၀၁၃ ခုနှစ်မှ စတင်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စီးပွားရေး အဖွဲ့အစည်းများ ဖြစ်သော ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာ အမျိုးသား လေကြောင်း၊ မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းတို့အား ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ ပြင်ပ (Out of Budget) ထွက်ခဲ့ပြီး၊ ကိုယ့်ဝင်ငွေပေါ် ကိုယ်ရပ်တည်ခဲ့ ရပါကြောင်း၊ ဦးစွာ ဌာနကိုလည်း Corporatization အသွင်သို့ ကူးပြောင်း ဆောင်ရွက်ရန် အစီအစဉ် ချမှတ် ထားရှိခဲ့ပြီး၊ နိုင်ငံတော် မှ မတည် ရင်းနှီးငွေ ကျပ် 5.9 billion ပေးခဲ့သော်လည်း လုပ်ငန်း ဆောင်ရွက်သည့် (၃) နှစ်တာ ကာလအတွင်း ပင်စင်စားများအတွက် ပင်စင် လစာ ထုတ်ပေးငွေ တစ်ခုတည်း ဖြင့်ပင် ကျပ်ငွေ 6 billion ကျော် ရှိခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ လစာနှုန်းထား များကိုလည်း တစ်နှစ်ပြီး တစ်နှစ် နိုင်ငံတော်က တိုးမြှင့် သတ်မှတ်ခဲ့ခြင်းကြောင့် အသုံးစရိတ်များ မြင့် တက်လာ ခဲ့ပါကြောင်း၊ ကုန်းလမ်းများ ဖွံ့ဖြိုး တိုးတက်လာ၍ အသုံးပြုမှု နည်းသွားသောကြောင့် ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများမှာလည်း ကျဆင်းလာခဲ့ပြီး ဝင်ငွေနှင့် အသုံးစရိတ် မျှတမှု မရှိတော့ဘဲ နောက်ဆုံးတွင် ဌာနပျက်မည့် အနေအထားသို့ ရောက်ရှိခဲ့ပါကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါသည်။
၈။ ဆက်လက်၍ ဦးဆောင် ညွှန်ကြားရေးမှူးက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနကို ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ ပြင်ပသို့ မထွက်မီ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပဒေကို အရင် ရေးဆွဲ ထုတ်ပြန်ပြီး အဘက်ဘက်က အဆင့်သင့်ဖြစ်မှသာ ထွက်ရမည် ဖြစ်သော်လည်း ဥပဒေ ထုတ်ပြန်ခြင်း မပြုနိုင်သေးမီ (၂) နှစ်ခန့်ကတည်းကပင် Out of Budget သို့ ထွက်ခဲ့ခြင်း ကြောင့် လုပ်ငန်းများ အဆင်မပြေ ဖြစ်ခဲ့ရပါကြောင်း၊ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB အကြံပေးများမှလည်း နိုင်ငံပိုင် SEEs များအား Corporatization သို့ ကူးပြောင်းမည် ဆိုပါက အဆင့်ဆင့် ပြင်ဆင် လုပ်ဆောင်ရမည့် အောက်ဖေါ်ပြပါ အချက်များကို ဆောင်ရွက်ပြီးမှ Out of Budget ထွက်သင့်ကြောင်း ဆွေးနွေးခဲ့ပါသည်-
(က) ဝန်ထမ်းဟောင်းများ၏ ပင်စင်လစာ ဝန်ထုတ် ဝန်ပိုးကို နိုင်ငံတော်သို့ ပေးအပ် ထားခဲ့သင့်ကြောင်း၊
(ခ) ခေတ်အဆက်ဆက်မှ ပြည်မကြွေးမှီ အားလုံးကို နိုင်ငံတော်သို့ လွှဲပြောင်းပေး ခဲ့သင့် ကြောင်း၊
(ဂ) အလုပ်မဖြစ်သော ပိုင်ဆိုင်မှုများကို ဖယ်ရှားသင့်ကြောင်း၊
(ဃ) ပိုင်ဆိုင်မှုများမှ အလုပ်ဖြစ်သော ရင်းနှီး မြှပ်နှံမှုများကို ဖန်တီး၍ ဝင်ငွေတိုးတက် ရရှိရေး ဆောင်ရွက်သင့်ကြောင်း၊
(င) ဝန်ထမ်း အရေအတွက်ကို ဌာန အဖွဲ့အစည်းလိုအပ်ချက်နှင့် ကိုက်ညီအောင် ဖွဲ့စည်း ပေးသင့်ကြောင်း၊
(စ) ဝင်ငွေ ရရှိရေးအတွက် မရှိမဖြစ် လိုအပ်သော ပိုင်ဆိုင်မှုများကို တိုးမြှင့်သင့်ကြောင်း၊
(ဆ) အနာဂတ်အတွက် အကျိုးမရှိသော လုပ်ငန်းများကို ခွဲထုတ်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် သက်ဆိုင်ရာသို့ လွှဲပြောင်းပေး သင့်ကြောင်း၊
(ဇ) ဌာန၏ ဦးဆောင်အဖွဲ့ကို စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပေါင်းထည့် ပေးသင့်ကြောင်း၊
(ဈ) ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် စီးပွားရေး လုပ်ငန်းကို ပြဋ္ဌာန်းပြီး ဖြစ်သော ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်သင့်ကြောင်း။
၉။ ဆက်လက်၍ ဦးဆောင် ညွှန်ကြားရေးမှူးက Budget ပြင်ပသို့ ထွက်ခွာပြီး (၃) နှစ်တာ ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အဆင်သင့် မဖြစ်ခင် ထွက်ခွာခြင်း၊ ဥပဒေပြဋ္ဌာန်းမှု နောက်ကျနေခြင်း၊ ပင်စင် လစာနှင့် အခြားဌာန အသုံးစရိတ် တိုးမြှင့်လာ၍ ရရှိသော ဝင်ငွေသည် တစ်နှစ်ထက် တစ်နှစ် လျော့နည်းခဲ့သောကြောင့် နှစ်စဉ် နှစ်တိုင်း အရှုံးနှင့် ရင်ဆိုင်နေရခြင်းတို့ ကြောင့် နောက်ဆုံးတွင် ဝန်ထမ်းများအတွက် လစာပေးရန်ပင် အခက်အခဲရှိသည့် အနေအထားသို့ ရောက်ရှိလာ သောကြောင့် ယခုလက်ရှိ အစိုးရ လက်ထက်တွင် ဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော်သို့ အဆင့်ဆင့်တင်ပြ၍ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ အတွင်းသို့ ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ပြန်လည် ဝင်ရောက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင် စုဘဏ္ဍာ ရန်ပုံငွေ အတွင်းသို့ ဝင်ရောက်ပြီး ဖြစ်သော်လည်း ဌာနအနေဖြင့် နိုင်ငံတော် ရန်ပုံငွေ အပေါ် နို့သက်ခံ စို့၍ ရေလိုက် ငါးလိုက် ဆောင်ရွက် နေထိုင်သွားရန် အစီအစဉ် မရှိပါကြောင်းနှင့် အထက်ဖေါ်ပြပါ ADB ၏ အကြံပေးချက် လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီး တစ်ဆင့် တစိုက် မတ်မတ် ကြိုးပမ်းဆောင် ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းစဉ်များပြီးပြည့်စုံပြီး အဆင့်သင့်ဖြစ်သည့် အချိန် အနာဂတ် ကာလ၌ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဌာနကို PPP ပြုလုပ်၍ Privatization စံနစ်သို့ ကူးပြောင်း ဆောင်ရွက်ရန် ရည်ရွယ်၍ လုပ်ဆောင်နေပါကြောင်း ဆွေးနွေးခဲ့ပါသည်။
၁၀။ Mrs. Marcia Sue Maurer မှ အကယ်၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ Out of Budget ပြန်ထွက်လျှင် အစိုးရက ဘာတွေ ပြန်လည် တာဝန်ယူ ပေးရမလဲဆိုတာ သိရှိရပြီ ဖြစ် ကြောင်း ADB မှ ဝန်ကြီးဌာနရှိ SEEs များကို PPP သင်တန်းများ ပေးထားကြောင်း သိရှိရ ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း ယခင်ရက်ပိုင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရှိ SEEs များကို PPP သင်တန်းပေးလျက် ရှိပါကြောင်း၊ လာမည့် ဒီဇင်ဘာလတွင် အခြား ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ဝန်ထမ်းများကို PPP နှင့် သက်ဆိုင်သည့် ဗဟုသုတ ရရှိစေရန် အတွက် ရည်ရွယ်ကာ ဖိတ်ကြားထားခြင်း ဖြစ်၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မှ တက် ရောက်ရန် အဆင်သင့် ဖြစ်ပြီလို့ ထင်ပါကြောင်း၊ SEEs Performance Monitoring Manual ရေးဆွဲထားတဲ့ Third Draft မူကြမ်းအား နိုင်ငံတော် စီးပွားရေး အဖွဲ့အစည်းများကို ဖြန့်ဝေ ထားပြီး ဖြစ်ပါကြောင်း၊ မူကြမ်းနှင့် စပ်လျှဉ်း၍လည်း အကြံပြုပေးစေလို ပါကြောင်း ဆွေးနွေးခဲ့ ပါသည်။
၁၁။ ဦးဆောင်ညွှန်ကြားရေးမှူး US OTA မှ Advisor Mrs. Marcia Sue Maurer အနေဖြင့် မိမိတို့ဌာနအား စိတ်ဝင်တစား လာရောက် ဆွေးနွေးပေးမှုအတွက် အထူးပင် ကျေးဇူး တင်ရှိပါကြောင်း၊ US OTA က ဒီဇင်ဘာလအတွင်း ဆောင်ရွက်မည့် PPP Work Shop သို့ သင်တန်းသားများ တက်ရောက်ရန်လည်း အဆင်သင့် ဖြစ်ပါကြောင်းနှင့် မူကြမ်းအား အကြံပေး ရန် မရှိပါကြောင်း၊ သို့ပါသော်လည်း နောက်ဆုံးအနေဖြင့် ဆွေးနွေးချက် တစ်ခုကို ဆွေးနွေးလို ပါကြောင်း၊ ၎င်းမှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ယခု လက်ရှိ ဌာနသည် ရေကြောင်းခရီးဖြင့် ခရီးသွားလာလျက် ရှိသော အခြေခံလူတန်းစား ပြည်သူအများစု သွားလာရေး အဆင်ပြေ စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်နေရသည့် Public Transport ကို တာဝန်ယူရသည့် ဌာနတစ်ခု ဖြစ်ပါကြောင်း၊ အခြားသော SEEs များကဲ့သို့ ဝင်ငွေ တိုးတက် ရရှိရေးကိုသာ အဓိကထား စီးပွားရှာရသော သတ္ထုတွင်း/ရေနံ စသည့် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းမျိုး မဟုတ်ပါကြောင်း၊ ဒါကြောင့်လည်း အခြေခံ လူတန်းစားများအတွက် အရေးပါသော ဌာနတစ်ခု ဖြစ်သဖြင့် စီးပွား ရေး အကျိုးအမြတ် တစ်ခုတည်းကိုသာ ကြည့်ပြီး ဆုံးဖြတ်သင့်သော ဌာန မဟုတ်ပါ ကြောင်းကို နားလည်ပေးနိုင်ပါရန် ဆွေးနွေးလိုပါကြောင်း တင်ပြ ဆွေးနွေးခဲ့ပါသည်။
၁၂။ US OTA မှ Advisor Mrs. Marcia Sue Maurer ကလည်း ဌာန အနေဖြင့် ယခု ကဲ့သို့ ပြည့်စုံ ရှင်းလင်စွာ ဆွေးနွေး ပြောကြားပေးခဲ့သည့်အတွက် အခြေအနေ အရပ်ရပ်ကို သိရှိ နားလည်ပြီ ဖြစ်သဖြင့်အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားကာ တွေ့ဆုံ ဆွေးနွေးပွဲ အား ညနေ (၄:၀၀) နာရီ အချိန်တွင် ပြီးဆုံးခဲ့ပါသည်။