“ကစ္ဆပနဒီ-၃” အမြန် ရေယာဉ်ကို စနစ်တကျ ကိုင်တွယ် မောင်းနှင်နိုင်ရန် ဂျပန် ပညာရှင်များက စာတွေ့ လက်တွေ့ သင်တန်း ပို့ချလျက်ရှိ။
ဂျပန် နိုင်ငံအစိုးရ စီးပွားရေးနှင့် လူမှုရေး တိုးတက် ဖွံ့ဖြိုးရေး အစီအစဉ် The Economic and Social Development Programme FY 2016 အစီအစဉ် အရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင် ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်းသွား “ကစ္ဆပနဒီ-၃” အမြန် ရေယာဉ် အသစ်ကို ကျောက်ဖြူဆိပ်ကမ်းတွင် ဆိုက်ကပ် ရပ်နား၍ ဂျပန်နိုင်ငံမှ ကျွမ်းကျင် အင်္ဂျင်နီယာ များက ရေယာဉ်တွင် လိုအပ်သည့် ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်းကို မတ်လ (၉) ရက်နေ့မှ (၁၁) ရက်နေ့ အထိ ဆောင်ရွက်ခဲ့ပြီး၊ မတ်လ (၁၂) ရက်နေ့တွင် စမ်းသပ် မောင်းနှင်ခြင်း ပြုလုပ်ပြီးနောက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ “ကစ္ဆပနဒီ (၃)” ရေယာဉ်တွင် တာဝန် ထမ်းဆောင်ကြမည့် ရေယာဉ် ဝန်ထမ်းများကို ရေယာဉ် စနစ်တကျ မောင်းနှင်နိုင်ရန် ရက်တို သင်တန်းကို ဂျပန် ပညာရှင်များက ကျောက်ဖြူမြို့ ဆိပ်ကမ်း တွင် ဆိုက်ကပ်ထားသည့် “ကစ္ဆပနဒီ (၃)” ရေယာဉ်ပေါ်တွင် မတ်လ (၁၃) ရက်နေ့ (၀၉၀၀) နာရီမှ စတင်၍ စာတွေ့၊ လက်တွေ့ ပို့ချ လျက်ရှိရာ (၁၇) ရက်နေ့တွင် သင်တန်း ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။





