“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း မြောင်းမြမြို့ မြစ်ကူး ကူးတို့ လမ်း ပြေးဆွဲရန်အတွက် စေလွှတ်မည့် ရေယာဉ်များအား ကြည့်ရှု့ စစ်ဆေး”

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း မြောင်းမြမြို့ မြစ်ကူး ကူးတို့ လမ်း ပြေးဆွဲရန်အတွက် စေလွှတ်မည့် ရေယာဉ်များအား ကြည့်ရှု့ စစ်ဆေး”

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း သည် အထွေထွေ မန်နေဂျာ ဦးဌေးအောင်နှင့် ဌာနမှ တာဝန်ရှိသူများ လိုက်ပါလျှက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်နေ (၁၄:၂၀) နာရီ အချိန်တွင် ရန်ကုန်မြို့၊ မော်တင် ကမ်းနားလမ်းရှိ ကိုင်းတန်းအမှတ် (၂) တံတားတွင် ဆိုက်ကပ်ထားသည့် မြောင်းမြမြို့ မြစ်ကူး ကူးတို့လမ်း ပြေးဆွဲရန် အတွက် စေလွှတ်မည့် ရေယာဉ်များကို သွားရောက် ကြည့်ရှု့ စစ်ဆေးပြီး၊ ရေယာဉ်ဖြင့် လိုက်ပါ တာဝန် ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လမ်းညွှန် မှာကြားရာတွင် မြောင်မြ မြစ်ကူးတံတား မြစ်အတွင်းသို့ ပြတ်ကျသွားမှု ဖြစ်စဉ်ကြောင့် ဒေသခံ ပြည်သူများ၊ ခရီးသွားများ သွားလာမှု အခက်အခဲ မရှိစေရေးအတွက် ဌာန အနေဖြင့် အခမဲ့ ကူညီ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ခရီးသည်များ နှင့် ရေယာဉ် အန္တရာယ် ကင်းရှင်းရေး အထူး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် အများပြည်သူ သွားလာမှု အဆင်ပြေ ချောမွေ့စေရေး အတွက် တတ်နိုင်သည့် ဘက်မှ အစွမ်းကုန် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဌာန၏ ဂုဏ်သိက္ခာအတွက် နာမည် မပျက် စေလိုကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ မြောင်းမြ မြစ်ကူး ကြိုးတံတားကြီးသည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ (ဝ၁:၄၅) နာရီ အချိန်ခန့်တွင် မြောင်းမြ မြစ်အတွင်းသို့ ပြတ်ကျသွားမှု ဖြစ်စဉ်ကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားမှု မရှိစေရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ကူးတို့လမ်းများ ပြေးဆွဲပေးရန် ဆောင်ရွက်လျှက်ရှိရာ ကနဦးအနေဖြင့် မြောင်းမြမြို့တွင် ပိတ်မိနေသော မော်တော်ယာဉ်များအား (၃-၄-၂၀၁၈) ရက်နေ့တွင် ဌာနပိုင် ဇက် (၁၁၂) ရေယာဉ်ဖြင့် တစ်ဘက်ကမ်းသို့ သယ်ယူ ပို့ဆောင်ပေးခဲ့ ပါသည်။

(၅-၄-၂၀၁၈) ရက်နေ့ ညနေပိုင်းမှ စတင်၍ "ရေနယား (၂)" ရေယာဉ်ဖြင့် မြောင်းမြမြို့မှ တစ်ဖက်ကမ်း "ကွယ်လွယ် (သဲပုံ) ဆိပ်ကမ်း" သို့ မော်တော်ယာဉ်များကို စမ်းသပ် သယ်ယူ ပို့ဆောင်ပေးလျှက် ရှိပါသည်။

မြောင်းမြမြို့ မြစ်ကူး ကား ကူးတို့ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွင် ထပ်မံ အားဖြည့် ပြေးဆွဲရန် အတွက် "ဇက်-၁၀၇" ရေယာဉ်အား (၅.၄.၂၀၁၈) ရက်နေ့ (၁၅:ဝဝ) နာရီ အချိန်တွင် ရန်ကုန်မြို့မှ မြောင်းမြမြို့သို့ စေလွှတ်ခဲ့ပါသည်။

၄င်းအပြင် မြောင်းမြမြို့မှ မြောင်းမြ တစ်ဘက်ကမ်း "ကွယ်လွယ်" ဆိပ်ကမ်းသို့ လူစီး ကူးတို့လမ်း ပြေးဆွဲရန်အတွက် T/S အမျိုးအစား (၂) ထပ် ရေယာဉ်ဖြစ်သည့် "တောသူမယ်" ရေယာဉ်နှင့် မြောင်းမြ တစ်ဘက်ကမ်း "ကွယ်လွယ်" ဆိပ်ကမ်း နေရာတွင် ဆိပ်ခံဗော အဖြစ် အသုံးပြုမည့် ဆိပ်ခံတွဲ "တ-၂၅၀၉" တွဲယာဉ်အား အတူတွဲ၍ (၅.၄.၂၀၁၈) ရက်နေ့ (၁၅:ဝဝ) နာရီ အချိန်တွင် ရန်ကုန်မြို့မှ မြောင်းမြမြို့သို့ စေလွှတ်ခဲ့ပါသည်။