ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ၀န်ထမ်းများနှင့် တွေ့ဆုံ

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၀။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) သို့ ရောက်ရှိလာပြီး အစည်းအဝေး ခန်းမတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ အထွေထွေ မန်နေဂျာ ဦးဌေးအောင် နှင့် ဌာနမှူးများကို တွေ့ဆုံ ပါသည်။

ရှေ:ဦးစွာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်  လုပ်ငန်း အစီအမံများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် မှာကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ရှင်သန် ရပ်တည်နိုင်ရေး အတွက် စီမံ ဆောင်ရွက် ပေးခဲ့ရမှု အခြေအနေ၊ စျေးကွက် စီးပွားရေးစံနစ်နှင့် လိုက်လျော ညီထွေစွာ ပြုပြင် ပြောင်းလဲရန် လိုအပ်နေမှု အခြေအနေ၊ ရေကြောင်း သွားလာမှု အဆင်ပြေ ချောမွေ့ စေရေး၊ ရာသီမရွေး သွားလာနိုင်စေရေးအတွက် တိမ်ကောလာသည့် မြစ်ကြောင်းများ ပြုပြင် ထိမ်းသိမ်း ခြင်းလုပ်ငန်းများကို အပိုင်းလိုက် စီမံချက်ချ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်း ပြောကြား ပါသည်။ ဆက်လက်၍ ယခုအခါ ကုန်သေတ္တာများ တင်/ချ ပြုလုပ်နိုင်သည့်  ခေတ်မီ မြစ်တွင်း ဆိပ်ကမ်းများ တည်ဆောက်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ နောင် အနာဂါတ် ကာလတွင် ရေကြောင်းလမ်းမှ ကုန်သေတ္တာ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အနေဖြင့် နိုင်ငံတော်အပေါ်တွင် မှီခိုမှု ကင်းကင်းဖြင့် လွပ်လပ်စွာ ရပ်တည် ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုကြောင်း၊ ဌာနကို Privatization သို့ မသွားနိုင်သေးခင် Corporatization သို့ အရင် ကူးပြောင်း နိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက်စေလိုသည့်  ပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားပါသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရုံးချုပ် ကွပ်ကဲခန်းမတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာန အလွှာ ပေါင်းစုံမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဖြစ်တည် လာသည်မှာ နှစ်ပေါင်း ၁၅၀ ကျော်ပြီ ဖြစ်ကြောင်း၊ မြန်မာ့မီးရထား သည်လည်း နှစ်ပေါင်း ၁၄၀ ကျော်ပြီ ဖြစ်ကြောင်း၊ နှစ်ပေါင်းကြာရှည်စွာ ပြည်သူတွေကို ဝန်ဆောင်မှုပေး နေခဲ့သည့် ဌာနများ ဖြစ်သဖြင့်  လေးစား ဂုဏ်ယူရမည် ဖြစ်ကြောင်း။ ပြောင်းလဲလာသည့် စျေးကွက် စီးပွားရေး စံနစ်နှင့်  ပို့ဆောင်ရေးဆိုင်ရာ ပုံစံသစ်များကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ရပ်တည်မှု ပုံစံသည်လည်း ပြောင်းလဲလာကြောင်း။ Corporatization အသွင်ဖြင့် ပြောင်းလဲ တည်ဆောက်ရေး အတွက် အဆင့်ဆင့်သော ဝန်ထမ်း အာလုံး၏ ခံယူချက်၊ ဆောင်ရွက်ချက်နှင့် အတွေး အမြင်များကို ပြောင်းလဲရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရုံးချုပ်ရှိ ပြခန်းတွင် ခင်းကျင်း ပြသထားသည့် ရှေး မြန်မာမင်းများ လက်ထက်က လှေဖေါင်နှင့် ရေယာဉ်များ၊ ခေတ် အဆက်ဆက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် သင်္ဘောကျင်းများတွင် ရေယာဉ် သစ်များ တည်ဆောက်ခဲ့မှု မှတ်တမ်းများ၊ ထူးခြား ဖြစ်စဉ်နှင့် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက် ပျက်စီးများ၊ နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ရေယာဉ်များ နစ်မြုပ်၊ ကမ်းတင် ခဲ့မှု မှတ်တမ်း ဓါတ်ပုံများ ခင်းကျင်း ပြသထားမှု အခြေအနေကို ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
 

u_thant_zin_mg

 

u_thant_zin_mg

 

u_thant_zin_mg

 

u_thant_zin_mg

 

u_thant_zin_mg

 

u_thant_zin_mg

 

u_thant_zin_mg