စစ်တွေ-ကျောက်ဖြူ(ကမ်းရိုးတန်းတိုက်ရိုက်)ရေယာဉ် ခရီးစဉ်ပြန်လည်ပြေးဆွဲခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ စစ်တွေ-ကျောက်ဖြူ (ကမ်းရိုးတန်းတိုက်ရိုက်) ခရီးစဉ်၊ ခေါက်ရေအမှတ်(၁) ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်သည် Covid-19 ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ (၂၇.၂.၂၀၂၁) ရက်နေ့ (၀၆:၀၀)နာရီတွင် စစ်တွေမြို့ မင်းဂံဆိပ်ကမ်းမှ ထွက်ခွာသွားသည်။

          ရခိုင်ဌာနခွဲရှိ ကစ္ဆပနဒီ-၃ ရေယာဉ်ဖြင့် စစ်တွေ-ကျောက်ဖြူ (ကမ်းရိုးတန်းတိုက်ရိုက်) ခရီးလမ်းကို ယခင်က တစ်ပတ်လျှင်တစ်ခေါက်ပြေးဆွဲခဲ့ရာ မိုးတွင်းကာလ ရာသီဥတုအခြေအနေအရ ခရီးသည်နှင့် ရေယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာယီရပ်နားထားခဲ့သည်။ ထို့နောက် Covid-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကာကွယ်တားဆီးရန် ရပ်နားထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့ကျလာပြီ ဖြစ်သဖြင့် ဒေသခံ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခြင်း  ဖြစ်သည်။

          ကစ္ဆပနဒီ-၃ ရေယာဉ်သည် အတိုင်းအတာအားဖြင့် (၃၄.၇၁ မီတာ x ၆ မီတာ x၂.၇၀ မီတာ)ရှိပြီး ခရီးသည်(၁၅၀)ဦး တင်ဆောင်နိုင်၍ တစ်နာရီလျှင် ရေမိုင်(၂၀)ခန့် ခုတ်မောင်းနိုင် သည်။ ယင်းရေယာဉ်ဖြင့် အပတ်စဉ် စနေနေ့ (၀၆:၀၀)နာရီတွင် စစ်တွေမြို့မှ ထွက်ခွာပြီး၊ ကျောက်ဖြူမြို့မှ တနင်္ဂနွေနေ့ (၀၇:၀၀)နာရီတွင် ပြန်လည် ထွက်ခွာပြေးဆွဲရန် စီစဉ်ထားသည်။