ရခိုင်ပြည်နယ်တွင် ပြေးဆွဲရန် ဂျပန်နိုင်ငံမှ ပေးအပ် လှူဒါန်းသည့် ခရီးသည်တင် “ကစ္ဆပနဒီ(၂)” အမြန်ရေယာဉ် ကျောက်ဖြူမြို့သို့ ရောက်ရှိ

ရခိုင်ပြည်နယ်တွင် ပြေးဆွဲရန် ဂျပန်နိုင်ငံမှ ပေးအပ် လှူဒါန်းသည့် ခရီးသည်တင် “ကစ္ဆပနဒီ(၂)” အမြန်ရေယာဉ် ကျောက်ဖြူမြို့သို့ ရောက်ရှိ

  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည်  ရခိုင်ဒေသ ဒေသခံ ပြည်သူများ လုံခြုံ ချောမွေ့ အဆင်ပြေစွာ ခရီးသွားလာ နိုင်ရေးအတွက် ဂျပန်နိုင်ငံ အစိုးရ စီးပွားရေးနှင့် လူမှုရေး တိုးတက် ဖွံ့ဖြိုးရေး အစီအစဉ် The Economic and Social Development Programme မှ အထောက်ပံ့ဖြင့် ပေးအပ် လှူဒါန်းသည့် ခရီးသည်တင် ရေယာဉ် (၃) စီးအနက် “ကစ္ဆပနဒီ (၂)” အမည်ရှိ အမြန် ရေယာဉ်အား ဂျပန်နိုင်ငံ KOBE ဆိပ်ကမ်းမှ (၁၀-၇-၂၀၁၇) ရက်နေ့တွင် M.V ISE သင်္ဘောကြီးဖြင့် တင်ဆောင်လာရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ကျောက်ချစခန်းသို့ ဇူလိုင်လ (၂၅) ရက် ညနေ (၁၉:၃၀) နာရီတွင် ရောက်ရှိသည်။
  • ဇူလိုင်လ (၂၆) ရက်နေ့ နံနက် (၁၀:ဝဝ) နာရီတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဌာနတို့မှ တာဝန်ရှိ သူများ၊ ကျောက်ဖြူမြို့ရှိ ဌာနဆိုင်ရာများနှင့် သင်္ဘော ကုမ္ပဏီမှ တာဝန်ရှိသူများက အဆိုပါ ရေယာဉ် ပေါ်သို့တက်ရောက်၍ ရေယာဉ်အား ဆိပ်ကမ်းအဝင် စစ်ဆေးခြင်းနှင့် သင်္ဘောကြီးပေါ်မှ ရေချခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။
  • ယခု ရောက်ရှိလာသည့် “ကစ္ဆပနဒီ (၂)” ရေယာဉ်တွင် တာဝန် ထမ်းဆောင်မည့် ရေယာဉ် ဝန်ထမ်းများအား စနစ်တကျ မောင်းနှင်နိုင်ရန် ဂျပန် ပညာရှင်များက ကျောက်ဖြူမြို့တွင် ရက်တို သင်တန်း ပို့ချ သွားမည် ဖြစ်ကြောင်းနှင့် ရေယာဉ်အား လက်တွေ့ မောင်းနှင်ခြင်း၊ သင်တန်း ပြီးဆုံး ပါက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်၍ ရခိုင် ပြည်နယ် အစိုးရအဖွဲ့သို့ ခရီးစဉ် ပြေးဆွဲနိုင်ရေး တင်ပြ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
  • ဂျပန်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် “ကစ္ဆပနဒီ(၂)” ရေယာဉ်သည် အလူမီနီယံ ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး အလျား (၁၉.၉၅) မီတာ၊ အနံ(၅.၄) မီတာ၊ စောက်(၁.၉) မီတာနှင့် ရေစူး (ဝ.၈၆) မီတာ ရှိပြီး၊ ခရီးသည် (၈၀) ဦးတင်ဆောင်နိုင်ကာ တစ်နာရီလျှင် ရေမိုင်(၂၅) မိုင်နှုန်း  မောင်းနှင်နိုင်ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ရေကြောင်း နှင့် လေကြောင်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီ အထောက်အပံ့ အစီအစဉ်ဖြင့် စီမံကိန်း အသစ် (၈ )ခု ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ယင်းအစီ အစဉ်များအနက် ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား ခရီးသည်တင် ရေယာဉ်သုံးစင်း ထောက်ပံ့ ပေးရေးသည်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၂) ၇က်နေ့တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင်လည်း ဂျပန်နိုင်ငံတွင် အသစ် တည်ဆောက်မည့် “ကစ္ဆပနဒီ (၃)” ရေယာဉ် ထပ်မံ ရောက်ရှိလာမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
     
kikspanadi

 

kikspanadi

 

kikspanadi

 

kikspanadi

 

kikspanadi

 

kikspanadi