လပွတ္တာတံတား (ပင်လယ်လေး) ပြုပြင်နေစဉ် ကာလအတွင်း လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်မှု မရှိစေရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ “ဇက်-၁၁၀” ရေယာဉ် ဖြင့် ကညင်ကိုင်း-ကံ့ကော်ကုန်း ဇက် ကူးတို့လမ်း ပြေးဆွဲ

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ရွှေလောင်းတံတား၊ ဝါးခယ်မ တံတားနှင့် လပွတ္တာ (ပင်လယ်လေး) ကြိုးတံတား သုံးစင်းကို အဆင့်မြှင့်တင် တည်ဆောက် နေစဉ် ကာလအတွင်း လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်မှု မရှိ စေရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဇက်ကူးတို့လမ်းများ ပြေးဆွဲ ပေးလျှက်ရှိရာ ပထမဆုံး ခရီးလမ်း အနေဖြင့် လပွတ္တာတံတား (ပင်လယ်လေး) ကညင်ကိုင်း-ကံ့ကော်ကုန်း ဇက်ကူးတို့လမ်းကို “ဇက်-၁၁၀” ရေယာဉ်ဖြင့် (၁၀.၁၂.၂၀၁၈) ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ စတင်၍ ပြေးဆွဲ ပေးလျှက် ရှိကြောင်း သိရသည်။

ပြေးဆွဲမည့် အစီအစဉ်မှာ နေ့စဉ် (၁၀) ခေါက် နှုန်းဖြင့် နံနက် ၀၆:၀၀ နာရီ အချိန်တွင် မြောင်းမြ (ကညင်ကိုင်း) ဆိပ်ကမ်းမှ စတင် ထွက်ခွာပြီး၊ ညနေ (၇:၀၀) နာရီ အချိန်တွင် လပွတ္တာ (ကံ့ကော်ကုန်း) ဆိပ်ကမ်းမှ နောက်ဆုံး အခေါက် ပြန်လည် ထွက်ခွာမည် ဖြစ်ပါသည်။ သွားလာမှု များသည့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မိနစ် (၃၀) ကြား တစ်ကြိမ်နှုန်း ပြေးဆွဲပေးပြီး၊ သွားလာမှုနည်းသည့် နေ့လည်ပိုင်းတွင် (၁) နာရီကြား တစ်ကြိမ် ပြေးဆွဲပေးလျှက် ရှိကြောင်း သိရသည်။

အဆိုပါ ဇက်ကူးတို့ဖြင့် နေ့စဉ် ဖြတ်သန်း သွားလာကြမည့် ဒေသခံ နိုင်ငံ့ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ လက်မှတ်ခနှင့် ၄င်းတို့ စီးနင်းလာသော စက်ဘီး၊ ဆိုင်ကယ် အတွက် တန်ဆာခကို ကောက်ခံခြင်း မပြုဘဲ အခမဲ့ (အခမဲ့) လိုက်ပါ တင်ဆောင် ခွင့်ပြုထားပြီး၊ အခြား ခရီးသည်များ စီးနင်းလာသည့် စက်ဘီး အတွက် လူခ အပါအဝင် ၂၀၀ ကျပ်၊ ဆိုက်ကားအတွက် လူခ အပါအဝင် ၃၀၀ ကျပ် နှင့် မော်တော် ဆိုင်ကယ်အတွက် လူခ အပါအဝင် ၅၀၀ ကျပ်နှုန်းသာ ကောက်ခံလျှက် ရှိကြောင်း သိရသည်။ ကုန်တင်ခ အနေဖြင့် ကုန် (၁) တန်လျှင် ၁၅၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး၊ မော်တော်ယာဉ်များ အတွက် တန်ဆာခ နှုန်းထားကိုလည်း တန်ချိန် အလိုက် သင့်တင့်သည့် နှုန်းထား သတ်မှတ် ကောက်ခံလျှက် ရှိကြောင်း သိရသည်။
 

latputta_bridge

 

latputta_bridge

 

latputta_bridge

 

latputta_bridge