ငွေစာရင်းဌာန

ငွေစာရင်းဌာန သမိုင်းကြောင်း

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကို နိုင်ငံပိုင် မပြုလုပ်မီ ငွေစာရင်း ထားသိုပုံ စနစ်အရ ငွေစာရင်း စာအုပ်များကို ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီ၏ ရုံးချုပ် အခြေစိုက်ရာ စကော့တလန်နိုင်ငံ ဂလပ်စ်ဂိုမြို့တွင် ထားရှိခဲ့ပါသည်။ လစဉ် စာရင်းဇယား မှတ်တမ်းများကို မြန်မာနိုင်ငံမှ စကော့တလန်နိုင်ငံ ရုံးချုပ်သို့ ပေးပို့ရပြီး အဆိုပါ စာရင်းဇယားများ အပေါ် အခြေခံ၍ လစဉ် စာရင်း၊ နှစ်ချုပ် စာရင်းများကို စကော့တလန်နိုင်ငံရှိ ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီရုံးချုပ်မှ ရေးဆွဲ ပြုစုပါသည်။

၁၉၄၈ ခုနှစ်၊ ဇွန်လ (၁) ရက် နေ့တွင် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီကို နိုင်ငံပိုင်ပြုလုပ်ပြီးနောက် ကုမ္ပဏီ၏ ပိုင်ဆိုင်ခွင့်များကို နိုင်ငံတော်မှ လွှဲပြောင်း ရယူခဲ့သဖြင့် ငွေစာရင်း စာအုပ် အသစ်များကို ရန်ကုန် ရုံးချုပ်၌ ထိန်းသိမ်းထားရှိပါသည်။ ထိုစဉ်က ကျင့်သုံးခဲ့သော စာရင်း ထားသိုပုံ စနစ် Accounting Memorandum 1957 အရ အဖွဲ့အစည်း တစ်ရပ်လုံး၏ ဝင်ငွေနှင့် အသုံးစရိတ်၊ အရှုံးအမြတ် စာရင်းများ အပါ အဝင် နှစ်ချုပ် စာရင်းများကို ရုံးချုပ်မှ တစ်စု တစ်စည်းတည်း ရေးဆွဲသော Centralized Accounting System ဖြစ်ပြီး ၁၉၇၂ ခုနှစ် အထိ ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့အနေဖြင့် ဤစာရင်း ထားသိုပုံ နည်းစနစ်ကို ကျင့်သုံးခဲ့ပါသည်။

၁၉၇၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှ စ၍ ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေးအဖွဲ့ကို ရေကြောင်း ပို့ဆောင်ရေး ကော်ပိုရေးရှင်း အမည်သို့ ပြောင်းလဲ ခေါ်တွင်ပြီးနောက် ၁၉၇၅-၇၆ ခုနှစ်မှ စ၍ စီမံခန့်ခွဲရေး အဖွဲ့သည် ကော်ပိုရေးရှင်း လုပ်ငန်းများကို သယ်ယူ ပို့ဆောင်ရေး ဌာနခွဲ (၅) ခု အပေါ် အခြေခံ၍ စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် ဆုံးဖြတ်ခဲ့သဖြင့် ဌာနခွဲ အလိုက် အရှုံးအမြတ် စာရင်းကို ဖေါ်ပြသော စာရင်း ထားသိုပုံ စနစ်ကို ပြင်ဆင် ရေးဆွဲရန် လိုအပ်လာပါသည်။ သို့ပါ၍ ၁၉၇၅-၇၆ ခုနှစ်ခန့်တွင် ကမ္ဘာ့ ဘဏ်ချေးငွေ I.D,A Loan 413 BA  ရယူခဲ့စဉ်က စာရင်းထား သိုပုံစနစ် Accounting System Manual ပြင်ဆင် ရေးဆွဲခြင်းကို ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းခဲ့ပါသည်။

ကမ္ဘာ့ဘဏ် ချေးငွေ အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံ Sycip Gorres, Velayo and Co;Certified public Accountants, Accounting Consultancy Services firm  နှင့် စာချုပ် ချုပ်ဆို၍ ဌာနခွဲ စာရင်း ထားသိုပုံစနစ် Divisional Accounting Systems Manual ကို ရေးဆွဲခဲ့ပါသည်။ ကမ္ဘာ့ဘဏ်ချေးငွေ အစီအစဉ်တွင် စာရင်းကဏ္ဍကို ထည့်သွင်းခဲ့ခြင်းဖြင့် စီမံ ခန့်ခွဲရေး အဖွဲ့သို့ ဌာနခွဲအလိုက် အရှုံးအမြတ် အခြေအနေကို တင်ပြနိုင်ခြင်း၊ သင်္ဘောကျင်းများ၏ Job Costing တွက်နိုင်ခြင်း၊ ဝန်ထမ်း လစာစာရင်း၊ စတိုလယ်ဂျာ စာရင်းများကို စက်စာရင်းဖြင့် ပြုစုနိုင်ခြင်း၊ စာရင်းပိုင်ဆိုင်ရာ ဝန်ထမ်းများကို လေ့ကျင့် ပညာပေးနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများကို ရရှိခဲ့ပါသည်။ အဆိုပါ ဌာနခွဲစာရင်း ထားသိုပုံစနစ်ကို ၁၉၇၆- ၇၇ ခုနှစ်မှ ယနေ့အထိ ကျင့်သုံးလျှက် ရှိပါသည်။

လုပ်ငန်းတာဝန်

ငွေစာရင်းဌာနသည် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၏ ဘဏ္ဍာရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ပေးနေသော ဌာနဖြစ်ပါသည်။ ငွေစာရင်းဌာန၏ အဓိက တာဝန်မှာ နိုင်ငံတော် ဘဏ္ဍာငွေဖြစ်သော ဌာနဆိုင်ရာ ရငွေများကို  ဌာနငွေ စာရင်းဌာန သို့လေလွင့် ယိုဖိတ်မှုမရှိဘဲ အပြည့်အဝကောက်ခံ ရရှိစေရန်၊ ဌာနအသုံး စရိတ်များကို သုံးစွဲရာ၌ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းနှင့် အညီ သုံးစွဲခြင်း ရှိမရှိကို ကြီးကြပ် စိစစ်ပေးရန်၊ ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲရန် နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်းအရ ချမှတ်ပေးထားသော ဝင်ငွေနှင့် အသုံးစရိတ်များ လျာထားချက်များကို သက်ဆိုင်ရာ လုပ်ငန်း အကောင်အထည်ဖေါ် ဆောင်ရွက်မည့် ဌာနများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရန်၊ အပတ်စဉ်၊ လစဉ်၊ နှစ်ချုပ် စာရင်းများကို အချိန်မီ ပြုစုရေးဆွဲ၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ဝန်ကြီးဌာနများသို့ အချိန်မီ ပေးပို့ရန် ဌာန၏ ဘဏ္ဍာရေး အခြေအနေကို စီမံခန့်ခွဲရေးသို့ အခါ အားလျော်စွာ တင်ပြရန်တို့ ဖြစ်ပါသည်။