ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသမိုင်းကြောင်း

Kispanadi(3)

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။

  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မူလ အဖွဲ့အစည်းမှာ "IRRAWADDY FLOTILLA CO.; LTD" ဖြစ်ပြီး၊ ၁၈၆၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။
  • မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ကုမ္ပဏီအား ပြည်သူပိုင် ပြုလုပ်ခဲ့ပြီး "ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် လည်းကောင်း၊
  • ၁၉၇၂ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် "ရေကြောင်း ပို့ဆောင်ရေး ကော်ပိုရေးရှင်း" အမည်ဖြင့် လည်းကောင်း၊
  • ၁၉၈၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် "ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး" အမည်ဖြင့် လည်းကောင်း ပြောင်းလဲ၍ လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်)
IWT
၁၈၈၆ ခုနှစ်က ပြေးဆွဲခဲ့သည့် ပေါက်ကံရေယာဉ်ပုံ

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် လက်ရှိ ရေယာဉ်အင်အား စက်ရှိ/စက်မဲ့ စုစုပေါင်း (၂၇၈) စီး အသုံးပြုပြီး နှစ်စဉ် ခရီးသည် ပျှမ်းမျှ (၁၅.ဝ၆) သန်း ခန့်နှင့် ကုန်တန်ချိန် ပျှမ်းမျှ (၂.ဝ၇) သန်းခန့် သယ်ယူ ပို့ဆောင်ပေးလျက် ရှိသည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ် ပါသည်။ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၏ မူလ ရည်မှန်းချက်မှာ ခရီးသွား ပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းဖြင့် နိုင်ငံတော်၏ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ရေးတို့ ဖြစ်ပါသည်။ ကုန်းလမ်း/ လေကြောင်းလမ်း/  မီးရထားလမ်း စသည့် သယ်ယူ ပို့ဆာင်မှု နည်းလမ်းများ မည်မျှပင် ခေတ်မီ ဖွံ့ဖြိုး တိုးတက် လာစေကာမူ မြန်မာနိုင်ငံ ဒေသ အနှံအပြားရှိ ရေယာဉ်များသွား လာနိုင်သည့် မြစ်များ၊ ချောင်းများကြောင့် ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်နိုင်သည့် ရေကြောင်း ပို့ဆောင်မှု လုပ်ငန်းများမှာ မြန်မာနိုင်ငံအတွက် အထူး အရေးပါသော ကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက် ရှိပါသည်။